Review
"Empire of Lust" ရုပ်ရှင်ဟာ BluRay Version မှာ ဆင်ဆာဖြတ်ထားတဲ့ အခန်းတွေကို ပြန်ထည့်သွင်းထားတာကြောင့် အစုံလင်ဆုံး Version လို့ ဆိုနိုင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ လိင်မှုဆိုင်ရာ အခန်းတွေ တော်တော်လေး ပါဝင်ပြီး softcore အမျိုးအစားလို့ ပြောလို့ရတဲ့အထိ အတော်အတန် ပြောင်ပြောင်တင်းတင်း ရိုက်ပြထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ဟာ သာမန် ၁၈+ ကားတွေထက် ပိုပြီး နက်နဲတဲ့ အကြောင်းအရာတွေကို တင်ဆက်ထားတာ တွေ့ရပါတယ်။
ဒီရုပ်ရှင်ရဲ့ အဓိကအားသာချက်တစ်ခုကတော့ နာမည်ကြီးပြီး သရုပ်ဆောင်ကောင်းတဲ့ အနုပညာရှင်တွေ ပါဝင်ထားတာပါပဲ။ သူတို့ရဲ့ သရုပ်ဆောင်မှုတွေက ဇာတ်လမ်းကို ပိုပြီး အသက်ဝင်စေပါတယ်။
* Shin Ha-kyun: သူ့ကိုတော့ နာမည်ကျော် ဒါရိုက်တာ ပတ်ချန်းဝုရဲ့ ရုပ်ရှင်တွေမှာ အများဆုံး မြင်တွေ့ရလေ့ရှိပြီး ကိုရီးယားရဲ့ ထိပ်တန်း သရုပ်ဆောင်တွေထဲက တစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသူပါ။ ဆောင်းကန်ဟို၊ အီဗြောင်ဟွန်းတို့နဲ့ တန်းတူ သရုပ်ဆောင်နိုင်တဲ့ အရည်အချင်းရှိသူပါ။ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ စီးရီးဖြစ်တဲ့ "Beyond Evil" ဟာလည်း ဝေဖန်သူတွေရော ပရိသတ်တွေရော နှစ်သက်ခဲ့ကြတဲ့ အရည်အသွေးမြင့် မှုခင်းဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။
* Jang Hyuk: ကိုရီးယား မှုခင်းရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ ဂျန်ဟျော့ဟာ ဒီရုပ်ရှင်မှာ ကိုရီးယားသမိုင်းမှာ နာမည်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အီဘန်းဝန်နေရာမှာ သရုပ်ဆောင်ထားပါတယ်။ ကျွန်တော့်အမြင်အရတော့ အီဘန်းဝန်လို ခပ်သွက်သွက်နဲ့ ထက်မြက်တဲ့ ဇာတ်ကောင်နဲ့ သူက တော်တော်လေး လိုက်ဖက်ညီပါတယ်။ "My Country: The New Age" မှာလည်း သူ အီဘန်းဝန်နေရာက ပါဝင်ခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကအချက်ကတော့ ဂျန်ဟျော့နဲ့ ရှင်ဟာကျွန်းတို့ရဲ့ အကောင်းဆုံး သရုပ်ဆောင်မှုတွေပါပဲ။
* Kang Ha-neul: ဒီရုပ်ရှင်ထွက်ရှိချိန်တုန်းကတော့ ကင်ဟာနွလ်ဟာ အခုလောက် နာမည်မကြီးသေးပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ "When the Camellia Blooms" နဲ့ ဆုတွေများစွာ ရရှိခဲ့သလို ဒီနှစ်ထွက်ရှိထားတဲ့ "Infernal Affairs" ရဲ့ ကိုရီးယား Version လို့ ပြောလို့ရတဲ့ "Insider" မှာလည်း သူ့ရဲ့ သရုပ်ဆောင်မှုက အရမ်းကောင်းမွန်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ဟာ တဖြည်းဖြည်း တိုးတက်လာတာ တွေ့ရပြီး ဒီရုပ်ရှင်မှာလည်း နာမည်ကြီး သရုပ်ဆောင်နှစ်ဦးနဲ့ ရင်ဘောင်တန်းနိုင်တဲ့အထိ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။
* Kang Han-na: ကင်ဟန်နာကတော့ "Start-Up" ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားမှာ ပိုပြီး ရေပန်းစားလာတယ်လို့ ပြောလို့ရပါတယ်။ အရင်က "Moon Lovers" မှာလည်း ပါဝင်ခဲ့ပေမဲ့ ဗီလိန်ဇာတ်ရုပ်ဖြစ်တာကြောင့် သိပ်ပြီး ချစ်ခင်အားပေးခံရဖို့ မလွယ်ပါဘူး။ "Empire of Lust" က "Moon Lovers" မတိုင်ခင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး သူမအနေနဲ့ သိပ်နာမည်မရှိသေးတဲ့ အချိန်က ပါဝင်ခဲ့တာပါ။ ဒါကြောင့်လည်း ဆောင်းဂျီဟိုတို့၊ ဟာဂျီဝန်တို့လို နာမည်ကြီး မင်းသမီးတွေရဲ့ အစောပိုင်း ရုပ်ရှင်တွေထက် လိင်မှုဆိုင်ရာ အခန်းတွေ ပိုပြီး ပြင်းထန်တာ ဖြစ်နိုင်ပါတယ်။ နာမည်မရှိသေးပေမဲ့ သူမရဲ့ သရုပ်ဆောင်မှုကလည်း ကောင်းမွန်ပြီး အင်မတန် ချောမောလှပပါတယ်။ ဒီရုပ်ရှင် ကြည့်ဖူးတဲ့သူတွေ သူမရဲ့ အလှကို သိကြမှာပါ။
"Empire of Lust" ရုပ်ရှင်ရဲ့ ဇာတ်အိမ်ကတော့ ဂျိုဆွန်းနိုင်ငံ တည်ထောင်ပြီး ခုနစ်နှစ်အကြာကို အခြေတည်ထားပြီး ကိုရီးယားသမိုင်းရဲ့ နာမည်ကျော်ပုဂ္ဂိုလ် အီဘန်းဝန်ရဲ့ သမိုင်းကို မတူညီတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီလို တင်ဆက်ပုံကို လူတချို့က အမြင်ဆန်းသစ်တယ်လို့ ချီးကျူးကြသလို နာမည်နဲ့လိုက်ဖက်ညီစွာ လိင်မှုကိစ္စတွေကို ပေါ်ပေါ်တင်တင်နဲ့ ကြည့်ရှုလို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။ softcore အမျိုးအစား ရုပ်ရှင်ဖြစ်တာကြောင့် ဇာတ်လမ်းဇာတ်ကွက်က အရမ်းကြီး ခိုင်မာတယ်လို့ မဆိုနိုင်ပေမဲ့ အပေါ်မှာ ပြောခဲ့တဲ့ နာမည်ကြီး သရုပ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့ သရုပ်ဆောင်မှုနဲ့ ဇာတ်အိမ်ရဲ့ ဆွဲဆောင်မှုတို့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဒီရုပ်ရှင်ဟာ သူ့ရဲ့ အမျိုးအစားထဲမှာ တော်တော်လေး ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုလို့ ပြောလို့ရပါတယ်။